မိုင်းဖြတ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေး(Talk Show)ပြုလုပ်

မိုင်းဖြတ် ဇွန် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေး (Talk Show)ကို ယမန်နေ့ညနေက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေး(Talk Show)ကျင်းပပြုလုပ်ရခြင်းနှင့် မိသားစုအခြေပြု မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် မိသားစုအတွင်း ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအခက်အခဲများဖြစ်ပေါ်စေသည့် ဆိုးကျိုးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးမာက ဦးနှောက်သည် လူ၏ခန္ဓာကိုယ်အတွက် အရေးကြီးပုံနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဦးနှောက်နှင့်အာရုံကြောများ ပျက်စီးစေသည့်အကြောင်းအရင်းများ၊ ကျောင်းသား/ကျောင်းသူ၊ လူငယ်များလမ်းမှားမရောက်အောင် မိဘပြည်သူများနှင့် ဆရာ၊ ဆရာမများက သွန်သင်ဆုံမရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဟောင်းနန်းက ကော်နှင့်ရှူဆေးအမျိုးမျိုး၊ ကော်ရှူခြင်းဖြင့် ဦးနှောက်ဖွံဖြိုးမှုကို ထိခိုက်ပျက်စီးလွယ်စေခြင်း၊ မှတ်ဉာဏ်၊ အာရုံကြောများပျက်စီးစေသည့် အကြောင်းအရင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထိုသို့ အသိပညာပေး(Talk Show) ကျင်းပပြုလုပ်ရခြင်းမှာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေး၍လူ့ဘဝကို အကျိုးရှိစွာ အသုံးချတက်စေရေးအတွက် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးရှောလမွန်ထံက သိရသည်။

သန်းထွန်းအေး