မိုင်းငေါ့မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ Talk Show အစီအစဉ်ဆောင်ရွက်

မိုင်းငေါ့ ဇွန် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ပြည်သူများ Online မှတစ်ဆင့် အသိပညာဗဟုသုတများကို လေ့လာနိုင်စေရန် ရည်ရွယ်၍  Talk Show အစီအစဉ်များကို ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို)မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show အစီအစဥ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ စာကြည့်တိုက်မှူး ဒေါ်မို့မို့က အသိပညာပေး Talk Show များပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မိုင်းငေါ့အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်နန်းထွေးလင်းကြည်က မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးစွဲသူများ၏ ဆိုးကျိုးလက္ခဏာများ၊  မူးယစ်ဆေးဝါး မသုံးစွဲမိစေရန်ဆောင်ရန်၊ ရှောင်ရန်များကို လူငယ်/လူရွယ်‌လေးများအား အသိပညာဗဟုသုတများရရှိလာစေရန်  အကျယ်တဝင့် ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ Talk Show အစီအစဉ်များကို ပြည်သူများ Online မှတစ်ဆင့် ဗဟုသုတရရှိစေရန်အတွက် လစဉ်ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)