မုဒုံမြို့နယ်လုံးဆိုင်ရာ လေးထပ်သာသနာ့ဗိမာန်တော်ကြီး၏  ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဖွဲ့စည်း

မုဒုံ ဇွန် ၂၁

မွန်ပြည်နယ် မုဒုံမြို့နယ်လုံးဆိုင်ရာ လေးထပ်သာသနာ့ဗိမာန်တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ယမန်နေ့က မြို့မ (၄)ရပ်ကွက်ရှိ က္ကုစ္ဆာသယ သာသနာ့ဗိမာန်တော်၌ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။

ရှေးဦးစွာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်က မုဒုံမြို့နယ်လုံးဆိုင်ရာ လေးထပ်သာသနာ့ဗိမာန်တော်ကြီးကို မြို့နယ်နေပြည်သူများနှင့် ရပ်ဝေးရပ်နီးမှစေတနာရှင် အလှူရှင်များတို့၏ လှူဒါန်းငွေများဖြင့် ၂၀၁၇ ခုနှစ်မှ စတင်ကာ ကုန်ကျငွေကျပ်ပေါင်း (၁၀၅၅၆၅၉၀၈၂)ဖြင့် တည်ဆောက်ပြီး ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန် စာမေးပွဲများကို ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် အဆောက်အအုံ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ကော်မတီဝင်များလိုအပ်ကြောင်း မြို့နယ်သံဃနာယက ဆရာတော်ကြီးများထံ လျှောက်ထားတင်ပြသည်။

ထို့နောက် မုဒုံမြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်ကြီးများက လေးထပ်သာသနာ့ဗိမာန်တော်ကြီး ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အဖြစ် နာယကအဖွဲ့ဝင် ကိုးဦး၊ ဥက္ကဋ္ဌအဖွဲ့ဝင် နှစ်ဦး၊ အတွင်းရေးမှူးအဖွဲ့ဝင် နှစ်ဦး၊ စာရင်းစစ်အဖွဲ့ နှစ်ဦး၊ ငွေထိန်းအဖွဲ့ဝင် နှစ်ဦးနှင့် အဖွဲ့ဝင် ၁၈ ဦးတို့ကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မြို့ဖမြို့ဖများနှင့်အတူ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)