မောက်မယ် ဇွန် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာ သုံးဘောင်ပျိုးစနစ်ပျိုးထောင်မှုနှင့် သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးငြိမ်းထွန်းနှင့် ပြည်နယ် မြေ၊ မျိုး၊ ပိုးတာဝန်ခံများ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမင်းသန်းတို့သည် ယနေ့နံနက် ၁၀ နာရီက မောက်မယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ရောက်ရှိပြီး စိုက်ပျိုးရေးဝန်ထမ်းများနှင့် ဒေသခံတောင်သူများတွေ့ဆုံ၍ မြို့နယ်ဦးစီးမှူးသက်နိုင်က စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာများ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဦးစီးမှူးမှ လိုအပ်သည်များလမ်းညွှန်မှာကြား၍ ဒေသခံတောင်သူများအား မြေသြဇာ၊ ပိုးသတ်ဆေး၊ အစေ့ထုတ်ပြောင်းမျိုးနှင့် မြေသြဇာရောင်းချခွင့်လိုင်စင်များကို ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်တာဝန်ရှိသူများတို့က အသီးသီးပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့မအုပ်စု၊ ကွင်းအမှတ်(၁၃)၊ ဦးပိုင်အမှတ်(၈)တောင်သူ ဦးလုံးစိုင်းမောင်၏ (၁.၅၀)ဧကရှိလယ်မြေ၌ မှော်ဘီကောက်ညှင်းမွှေးမိုးစပါးမျိုးသန့်ပွား စံပြစိုက်ခင်းစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံးဘောင်ပျိုးစနစ် ပျိုးထောင်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေး၍ မြို့မအုပ်စု၊ စဉ့်ဆိုင်ကျေးရွာအုပ်စုအတွင်းရှိ ရှောက်ချိုသီးနှံစိုက်ခင်းများ၊ ဟိုလွိုင်ကျေးရွာအုပ်စု၊ ပန်းတန်ကျေးရွာအုပ်စု၊ ဟိုနမ့်ကျေးရွာအုပ်စုရှိ အစေ့ထုတ်ပြောင်း၊ နှမ်း၊ ပဲပုတ်၊ မြေပဲစိုက်ပျိုးထားရှိရာ တောင်ယာခြံများသို့ သွားရောက်ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)