မလှိုင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် အသက် (၈၅) နှစ်နှင့်အထက် အဘိုး၊ အဘွားများအား အမျိုးသားလူမှုရေးပင်စင်ထောက်ပံ့ပေးအပ်

မလှိုင် ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီလ၊ မေလ၊ ဇွန်လ) အတွက် အသက် (၈၅) နှစ်နှင့်အထက် အဘိုး၊ အဘွားများအား ယမန်နေ့ နံနက် (၇) နာရီအချိန်မှစတင်၍ အမျိုးသားလူမှုရေးပင်စင်များ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့ ကြောင်း သိရှိရသည်။

မလှိုင်မြို့နယ်တွင် ရပ်ကွက် (၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂) အုပ်စု၊ ကျေးရွာပေါင်း (၂၄၇) ရွာဖြင့် ဖွဲ့စည်းထားရှိပြီး အဆိုပါကျေးရွာများတွင် အသက် (၈၅) နှစ်နှင့်အထက် အဘိုး (၃၉၈) ဦး၊ အဘွား (၇၈၇) ဦး၊ စုစုပေါင်း (၁၁၈၅) ဦး နေထိုင်လျက်ရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ သုံးလပတ်အလိုက် (၁) လလျှင် ငွေကျပ် (၁) သောင်းနှုန်းဖြင့် အမျိုးသားလူမှုရေးပင်စင်များကို ထောက်ပံ့ပေးလျက်ရှိသည်။

အဆိုပါ ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အဖွဲ့ဝင် (၂) ဦးအောင်ကျော်သူ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေသွေး၊ မြို့နယ် မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့တို့သည် အဘိုး၊ အဘွားလက်ဝယ်သို့ အိမ်တိုင်ရာ ရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့သည်။ အဆိုပါနေ့က စုစုပေါင်းငွေကျပ် (၃၅,၅၅၀,၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အောင်ဌေး(မလှိုင်)