ဗန်းမော် ဇွန် ၂၁
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်များအား မြစ်ရေဝင်ရောက်ပြီး နေအိမ်များရေကြီးနှစ်မြုပ်၍ ရေဘေးကယ်ဆယ်ရေး စခန်းသို့ ပြောင်းရွှေ့နေထိုင်ကြသည့် ရေဘေးသင့်ပြည်သူများအား ဗန်းမော်ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဗန်းမော်တပ်နယ်မှ တာဝန်ရှိသူများတို့က ဇွန် ၂၀ ရက်နေ့က ရေဘေးကယ်ဆယ်ရေးစခန်းအသီးသီးသို့ အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဇွန် ၂၀ ရက်နေ့ နံနက်ပိုင်းက ရှေ့တန်းအမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ်မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဟန်၊ အမှတ်(၂) နည်းဗျူဟာ စစ်ဆင်ရေးအဖွဲ့မှူး ဒုတိယဗိုလ်မှူးကြီး မိုးကျော်ထွေး၊ ဗန်းမော်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်ဌေး၊ ဗန်းမော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနှင့် အဖွဲ့ဝင်များက ရေဘေးကယ်ဆယ်ရေး စခန်းသို့ ပြောင်းရွှေ့နေထိုင်ကြသည့် ဗန်းမော်မြို့ ခွန်သာရပ်ကွက်နှင့် သီရိရပ်ကွက်တို့မှ အိမ်ထာင်စုဝင် (၁၉၁)စုအတွက် ဆန်(၂၄)ပြည်ပါ (၁၆)အိတ်၊ ဆီ(၅ဝ)သားပါ (၁)လီတာဘူး (၂၀)ဘူး၊ ခေါက်ဆွဲခြောက် (၅)ဖာနှင့် အခြေခံစားသောက်ကုန်များကို လည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေးသင့်ပြည်သူ (၁)ဦးလျှင် ငွေကျပ် (၂၁၀၀)နှုန်းဖြင့် ရေဘေးသင့်ပြည်သူ (၁၀၂၂)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေ (၂၁၄၆၂၀၀)ကျပ်ကို လည်းကောင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ မိသားစုသုံးပစ္စည်း (၁၆)မျိုးပါ Family Kit (၁၉၁)ထုပ်တို့ကို ရေဘေးကယ်ဆယ်ရေးစခန်း အသီးသီးသို့ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အလားတူ ညနေပိုင်းတွင် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ ဗန်းမော်တပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများက ဗန်းမော်မြို့ ဆင်ကုန်းရပ်ကွက်၊ ခွန်သာရပ်ကွက်၊ မင်းကျောင်းကုန်းရပ်ကွက်၊ ပေါက်ကုန်း ရပ်ကွက်၊ ညောင်ပင်ရပ်ကွက်၊ သီရိရပ်ကွက်နှင့် အလယ်ရပ်ကွက်တို့၌ ပြောင်းရွှေ့နေထိုင် ထားသည့် အိမ်ထောင်စုဝင်(၃၁ဝ)စု၊ လူဦးရေ(၁၁၈၄)ဦးအား ရေဘေးကယ်ဆယ်ရေးစခန်း (၉)ခုကို သွားရောက်၍ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး ဆန်အိတ် (၄၅)အိတ်နှင့် ခေါက်ဆွဲခြောက် (၄၂)ဖာကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်မှာ (၁၁၅၀)စင်တီမီတာဖြစ်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇွန်လ ၂၁ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် တိုင်းတာချက်အရ (၁၁၁၂)စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)