မိုင်းယောင်း စက်တင်ဘာ ၈
သဘာ၀၀န်းကျင်မပျက်စိုက်ပျိုးရေးသည် ရေရှည်တည်တံ့သော မြေယာစီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ကို ကာကွယ်ခြင်း၊ ရာသီဥတုဖောက်ပြန်မှုကို ကြံ့ကြံ့ခံနိုင်ခြင်းနှင့် သက်သာစေခြင်းတို့ကို ဖြစ်စေရန် ရှမ်း ပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်ရှိ တောင်သူများ စိုက်ပျိုး သီးနှံပင် အာဟာရ ဖြည့်တင်းမှုအပေါ် ဓာတ်မြေဩဇာသုံးစွဲမှုစစ်တမ်းကောက်ယူခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တာချီလိတ်ခရိုင် မြေအသုံးချရေးတာဝန်ခံ ဒေါ်မြဥမ္မာက ဓာတ်မြေဩဇာ သုံးစွဲမှုစာရင်း ကောက်ယူခြင်းကို သုံးနှစ် တစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်းမှာ တောင်သူများ၏ သီးနှံပင်များ အာဟာရဓာတ်ဖြည့်တင်းမှုကို လေ့လာဆန်းစစ်ခြင်းဖြစ်ပြီး တောင်သူများ နည်းပညာ လက်ခံကျင့်သုံးမှုအတိုင်းအတာနှင့် နည်းပညာလိုအပ်ချက်များကို ဖြည့်စွက်ဆောင်ရွက်ပေးနိုင်ရန်အတွက် ဖြစ်ကြောင်း စစ်တမ်းကောက်ယူခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တာချီလိတ်ခရိုင် မြေအသုံးချရေးတာဝန်ခံ ဒေါ်မြဥမ္မာ၊ စိုက်ပျိုးရေးဦးစီးဌာန မိုင်းယုမြို့ဦးစီးမှူး ဦးစိုးမင်းဦးကျော်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့နှင့် ဝန်ထမ်းများက သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ သုံးစွဲမှုအခြေအနေကို တောင်သူ ၂၀ ဦးအား မေးမြန်း၍ စာရင်း ကောက်ယူခဲ့သည်။
ကမ္ဘာ့မြေဆီလွှာ၏ သုံးပုံတစ်ပုံခန့်သည် မြေတွင်းအော်ဂဲနစ်ဓာတ်များ လျှော့နည်းနေပြီး အရည်အသွေး နိမ့်ကျ နေပါကြောင်း၊ သဘာ၀၀န်းကျင်မပျက် စိုက်ပျိုးရေးသည် အရည်အသွေး နိမ့်ကျနေသောမြေကို မြေဆီ သြဇာဓာတ် ပြန်လည်ဖြည့်တင်းပေးပြီး စိုက်ပျိုးနိုင်သော မြေယာဆုံးရှုံးမှုကို ကာကွယ်ပေးသော လယ်ယာ စိုက်ပျိုးရေးနည်းစနစ် တစ်ခုဖြစ်ပါကြောင်း၊ သဘာ၀၀န်းကျင်မပျက်စိုက်ပျိုးရေးသည် အမြဲတည်ရှိနေသော မြေအပေါ်ယံ လွှာကို ထိန်းသိမ်းပေးခြင်း၊ မြေဆီလွှာထွန်ယက်မှုအနည်းဆုံးဆောင်ရွက်ခြင်းနှင့် အပင်မျိုးစိတ် အစုံအလင် စိုက်ပျိုးခြင်းတို့ကို အားပေးပါကြောင်း၊ မြေမျက်နှာပြင်အပေါ်နှင့် အောက်တို့တွင် ဇီဝသက်ရှိမျိုးစုံ ပေါများလာစေခြင်းနှင့် သဘာဝဇီဝဖြစ်စဉ်များဖြစ်ပေါ်ခြင်းကို တိုးမြှင့်ပေးပါကြောင်း၊ ရေနှင့် အာဟာရ ဓာတ်အသုံးဝင်မှုစွမ်းရည်(အပင်စုပ်ယူနိုင်မှုစွမ်းရည်)ကို တိုးစေကာ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး ရေရှည်ထိန်းသိမ်းထားနိုင်မှု ကို ဖြစ်စေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုင်းအောင်ဇော်လင်း