တံတားဦးမြို့နယ်တွင် ချည်မျှင်ရှည်ဝါ (၄၂၁၅) ဧကကျော်  လျာထားစိုက်ပျိုးမည်

တံတားဦး ဇွန် ၂၁

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ်  စိုက်ပျိုးရေးကို အဓိကအားထားလုပ်ကိုင်သူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်း ရာသီအလိုက်သီးနှံများကို  စိုက်ပျိုးကြကြောင်းသိရသည်။ ယခုနှစ်တွင် တံတားဦးမြို့နယ်၌ ချည်မျှင်ရှည်ဝါ (၄၂၁၅) ဧကကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ချည်မျှင်ဝါကို မိုးဝါနှင့်မိုးနှောင်းဝါဟူ၍ နှစ်မျိုးရှိပါကြောင်း၊ မိုးဝါကို မတ်လနှင့် ဇွန်လတို့တွင် စိုက်ပျိုးပြီး၊ မိုးနှောင်းဝါကို တောင်သူများ နှမ်းရတ်သိမ်းပြီး မြေပြုပြင်၍ ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် စိုက်ပျိုးကြပါကြောင်း၊ တံတားဦးမြို့နယ်တွင် ယခုနှစ် ချည်မျှင်ရှည် မိုးဝါကိုတွင် (၁၂၀၀) ဧကနှင့် မိုးနှောင်း ချည်မျှင်ရှည်ဝါ (၂၉၂၅ ) ဧကစိုပျိုးမည်ဖြစ်ကြောင်း၊ ထို့အပြင် ချည်မျှင်ရှည်ဝါ (၃၅၀) ဧကကို မြိုင်သာကျေးရွာအုပ်စု မြိုင်သာကျေးရွာနှင့် သက္ကယ်ကျင်းကျေးရွာတို့တွင် စိုက်ပျိုးမည်ဖြစ်ပြီး ချည်မျှင်ဝါမျိုးစေ့ထုတ် (၁၁၅) ဧကတို့ စိုက်ပျိုးမည်ဖြစ်ရာ မျိုးစေ့များကို ပျိုးထောင်သူများ လက်ဝယ် အရောက်ဖြန့်ဖြူးပြီးဖြစ်ကြောင်း ယခုနှစ်မိုးရာသီရာတွင် သက်ဆိုင်ရာဌာနများနှင့် စိုက်ပျိုးရေးဦးစီး ဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးလုပ်ငန်း ပိုမိုအောင်မြင်ဖြစ်ထွန်းရေး  အဆင့်ဆင့်တာဝန်ခွဲဝေ ဆောင်ရွက်မည်ဖြစ်ပြီး ဒေသခံတောင်သူများနှင့်ပူးပေါင်းပြီး ပိုးမွှားရောဂါ ကာကွယ်ရေးလုပ်ငန်းများကို မျက်ခြည်မပြတ် စနစ်တကျစောင့်ကြည့်ဆောင်ရွက်ကာ ရာသီဥတု၊ ရေ၊ မြေဒေသနှင့်ကိုက်ညီသည့်  အထွက်နှုန်းကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ၊ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နည်းပညာ၊ နည်းစနစ်ကောင်းများ ဖြန့်ဝေပေးနိုင်ရေးအတွက်လည်း  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တံတားဦးမြို့နယ်အနေဖြင့် တောင်သူများ သီးနှံမျိုးစုံတိုးချဲ့စိုက်ပျိုးနိုင်ရေး ၊ပိုးမွှားရောဂါကာကွယ်ရေး မြေဆီလွှာထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရေး မြေဩဇာများ စနစ်တကျသုံးစွဲရေး၊ သဘာဝမြေဩဇာများ စုဆောင်းအသုံးပြုရေး၊ ပေါင်းမြက်ကာကွယ်နှိမ်နှင်းရေး၊ ပိုးသတ်ဆေးနှင့် ဆေးဖျန်းကိရိယာများ စနစ်တကျကိုင်တွယ်အသုံးပြုရေး သီးနှံပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး စသည်တို့ကို  ကျေးရွာများအရောက် တောင်သူများနှင့်တွေ့ဆုံပြီး ကွင်းဆင်းပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ခေတ္တဦးစီးမှူးဦးမျိုးဇော်က ပြောကြားသည်။

ရဲတင့်