တောင်ဥက္ကလာပ ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ နံနက် ၁၀ နာရီ က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက လတ်တလောဆောင်ရွက်နေကြတဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးအားလုံး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြရန်၊ အရေးကြီးဆုံးတစ်ခုဖြစ်တဲ့ လုံခြုံရေးကိစ္စအထူးသတိရှိရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသူများ ဆက်လက်ထိုးနှံကြရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မိမိတို့မြို့နယ်အတွင်း ပြည်သူအားလုံးကို ရာခိုင်နှုန်းပြည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးနိုင်ရေး၊ နေ့စဉ်လျာထားအင်အား ထိုးနှံနိုင်ရေးဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ အခြေခံလဦးရေ စာရင်းကိစ္စလုပ်ငန်းများ ဆောင်ရွက်မှုများလည်း သတ်မှတ်ချိန်၊ သတ်မှတ်ရက်မှာပြီးမြောက်အောင် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းအားလုံးအတွက် လုံခြုံရေးအရေးကြီး၍ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းစသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်ရဲတပ်ဖွဲ့မှူးမှ လုံခြုံရေးဆိုင်ရာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ကြရန် ရပ်ကွက်များအလိုက် ထူးခြားမှုတစ်စုံတစ်ရာ ရှိပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ အသိပေးအကြောင်းကြားရန်ဆွေးနွေးခဲ့ပြီး ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လုပ်ငန်းများပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်သည်များကိုတင်ပြ ဆွေးနွေးခဲ့ကြ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကိုပြီး မြောက်ခဲ့ကြောင်း သတင်းရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)