ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး  ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ

ဒေါပုံ  ဇွန်  ၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး (CoviShield) ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ယနေ့နံနက် ၉:၀၀ နာရီက‌ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက် အထက(၁) ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် (CoviShield) အသက် ၁၈ နှစ်နှင့်အထက် ဒုတိယအကြိမ်ထိုးနှံသူ၊ အသက် ၁၈ နှစ်နှင့်အထက် ပထမအကြိမ် CoviShield ထိုးနှံသူ ၊ အသက် ၁၅ နှစ်နှင့်အထက် ပထမအကြိမ် (Sinovac) ထိုးနှံသူ စုစုပေါင်း(၁၅၀)ဦးတို့အား ကိုဗစ်ကာကွယ် ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ဒေါပုံမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ဒေါပုံမြို့နယ် အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ခြေနီသူနာပြုတပ်ဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူများအား မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက အောက်ဆီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သူဇာ၀င်း