စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

စဉ့်ကူး   ဇွန်  ၂၁

၂၀၂၂ ခုနှစ်ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို "မူးယစ်အန္တရာယ်ကာကွယ်ရေး" အသိပညာပေးဟောပြောပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် (၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးများ ပေါ်ပေါက်လာပုံ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် လက်ဝယ်ကိုင်ဆောင်မှုကြောင့် ချမှတ်နိုင်သည့်ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးကြောင့် မိမိအပါအဝင် မိသားစုနှင့်လူမှုအဖွဲ့အစည်းများအပေါ် ဆိုးကျိုးသက်ရောက်မှုများကို ရှင်းလင်းဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်းစဉ့်ကူးမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့​ကြကြောင်းနှင့် စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ဒေသခံပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ဟောပြောပွဲများ၊ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)