ခရမ်း စက်တင်ဘာ ၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ပဲခူး-ခရမ်း-သန်လျင် လမ်းမကြီးဘေး ရန်ကုန်တိုင်းအစ ခရမ်းမြို့ အဝင် ကျန်းမာရေးပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Thermal Camera တပ်ဆင်၍ မြို့အတွင်း ဖြတ်သန်း ဝင်ရောက်ကြမည့် ခရီးသွားပြည်သူများ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များအား ကျန်းမာရေးစစ်ဆေး ပေးလျက်ရှိပြီး ကိုယ်အပူချိန်မြင့်မားသူများအား ဆေးရုံသို့ ပို့ဆောင်စစ်ဆေးပေးလျက်ရှိကြောင်း သိရ သည်။
အဆိုပါ စစ်ဆေးရေးဂိတ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့်၊ မြို့နယ်လူမှုကူညီရေးအသင်းတို့က ပူးပေါင်း၍ ခရမ်းမြို့အတွင်း ဖြတ်သန်းသွား လာကြသည့် ယာဉ်မျိုးစုံနှင့် ခရီးသွားပြည်သူများကို နေ့စဉ် ၂၄ နာရီ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ Thermal Screen အလိုအလျောက် အပူချိန်တိုင်းစက် တပ်ဆင်အသုံးပြုခြင်းဖြင့် CCTV ကင်မရာရှေ့ တစ်ယောက်ချင်း တန်းစီသွားရုံဖြင့် စောင့်ကြည့်တီဗီပေါ်တွင် အပူချိန်အလိုအလျောက် တိုင်းပြီးသားဖြစ်ကာ ပုံရိပ်ဖမ်းယူထားရှိ မှတ်တမ်းတင်ထားကြောင်း၊ Mask မတပ်ဆင်ထားပါကလည်း ဖန်သားပြင်တွင် စစ်ဆေးတွေ့ရှိနိုင်ခြင်း အားသာချက်များရှိကာ စစ်ဆေးသည့်လူနှင့် တိုက်ရိုက်ထိတွေ့မှု မရှိခြင်းက အားသာချက်ဖြစ်ကြောင်း၊ ခရမ်းမြို့နယ် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးမင်းဆန်းထွန်း(မြို့နယ်အုပ်ချုပ်ရေးမှူး)က ရှင်းပြသည်၊၊
အဆိုပါ ပူးပေါင်းစစ်ဆေးခြင်းကြောင့် ခရမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှုနှင့် သံသယ လူနာများအား ကြိုတင်ကာကွယ်နိုင်ခြင်း၊ နေအိမ်ပြင်ပ ထွက်ခွာသူတိုင်း mask တပ်ဆင်စေခြင်းနှင့် တစ်ဦးနှင့် တစ်ဦး ၆ ပေခွာ၍ သွားလာနေထိုင်ခြင်းဖြင့် ပြည်သူအများ ပူးပေါင်းပါဝင်လျက်ရှိကြောင်း သိရသည်။
ကိုမင်း(ခရမ်း)