မန္တလေးတိုင်း​ဒေသကြီးအစိုးအဖွဲ့မှ ဝန်ကြီးများ မိတ္ထီလာမြို့နယ်အတွင်းရှိ တက္ကသိုလ်များမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံ

မိတ္ထီလာ  ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများသည် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး ကူညီပံ့ပိုးနိုင်ရန် မိတ္ထီလာတက္ကသိုလ်မှ ဆရာဆရာများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမများတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။   

ရှေးဦးစွာ မန္တလေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးက မိတ်ဆက်စကား ပြောကြားရာတွင် ယနေ့ကျောင်းတက်ရောက်၍ ပညာသင်ယူနေသည့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ယူနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးတွင် အေးချမ်းစွာပညာသင်ယူရေး အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး တိုင်းဒေသကြီးအတွင်းမှာရှိသည့် တက္ကသိုလ်များမှ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများအား အကာ အကွယ်ပြုရေး၊ အထောက်အကူပြုနိုင်ရေးအတွက် ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးနိုင်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့ ပညာသင်ယူနေချိန်  ပတ်ဝန်းကျင် ပယောဂများကြောင့် ပညာရေးကို တစ်ပိုင်းတစ်စ မဖြစ်စေလိုကြောင်း၊ မိမိတို့၏ ပညာရေးကို ဆုံးခန်းတိုင်သည်အထိ သင်ကြား စေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် မန္တလေးတိုင်း​ဒေသကြီးအစိုးအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက မိတ်ဆက်စကား ပြောကြားရာတွင် ကျောင်းသားကျောင်းသူများ အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ ပြောဆိုမှု၊ ဆိုရှယ်မီဒီယာများမှ တဆင့်ခြိမ်းခြောက်အပုပ်ချ ပြောဆိုမှုများကြောင့် သိမ်ငယ်မှုမရှိစေရန်၊ သင်ကြားရေး အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းဆောင်လိုအပ်ချက်များအား မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊  ပြည်ပြေးအကြမ်းအဖက်သမားများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အကြမ်းဖက်လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိရာ ဆရာဆရာများနှင့် ကျောင်း သား ကျောင်းသူများအနေဖြင့် ၎င်းတို့၏ ခြိမ်းခြောက်မှုများ၊ အပုပ်ချပြောဆိုမှုများအား ကြံ့ကြံ့ခံလျက်မိမိတို့ ရည်ရွယ်ရာဆီသို့ အရောက်ချီတက်ရန်လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်  ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသားစွာ ပညာသင်ကြားသွားနိုင်ရေးအပေါ် အလေးထား ကူညီ  ပံ့ပိုးသွားမည်ဖြစ်ပါကြောင်း၊ ယခုပညာသင်ကြားနေကြသည့် ကျောင်းသားကျောင်းသူများသည် နောင်တစ်ချိန် တိုင်းပြည့်၏ တာဝန်များအား လက်ဆင့်ကမ်း ထမ်းဆောင်ရမည့်သူများဖြစ်သဖြင့် ပညာရေးအား အလေးထားသင်ကြားကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ၎င်းနောက်  မန္တလေးတိုင်းဒေသကြီး  ဥပဒေချုပ်ရုံးမှ ဒုတိယ ဥပဒေအရာရှိ ဦးသိန်းထွန်းက ဆိုရှယ်မီဒီယာများ အသုံးပြုခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် အတွင်းရေးမှူး ဒုတိယရဲမှူးကြီး သက်ထွဋ်တို့က မိတ္ထီလာခရိုင်အတွင်း လုံးခြုံရေးဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ရာ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၏ တင်ပြ ဆွေးနွေးမှုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက  ပြန်လည်ဖြေရှင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများသည် အေးချမ်းစွာပညာသင်ယူနိုင်ရေးနှင့် သင်ထောက်ကူပစ္စည်းလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် မြို့နယ်အတွင်းရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ လေကြောင်းနှင့် အာကာသတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်များတို့ သွားရောက်၍ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)