ရန်ကုန် ဇွန် ၂၁
ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း)ရှိ ဝန်ထမ်းများအား ပြည်သူ့ဆက်ဆံရေးကို သိရှိနားလည်ပြီး လုပ်ငန်းခွင်လက်တွေ့ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်၊ ပြည်သူလူထုအား ထိရောက်သည့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရန်အတွက်၊ ပြည်သူ့ဆက်ဆံရေးသင်တန်းကို ယမန်နေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး (ရန်ကုန်အနောက်ပိုင်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းထွဠ်နှင့် တာဝန်ရှိသူများ၊ သင်တန်းဆရာများ၊ သင်တန်းသူ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းထွဋ်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ဌာနသည် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက်နေသော ဌာနဖြစ်ပါကြောင်း မိမိတို့ဌာနရှိ ဝန်ထမ်းများသည် အများပြည်သူအား ဝန်ဆောင်မှုများပေးရာတွင် ထိရောက်သည့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရန်အတွက် ပြည်သူ့ဆက်ဆံရေးသင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် သင်ကြားပို့ချပေးသော ဘာသာရပ်များကို သေချာစွာ ကြိုးစားသင်ယူပြီး မိမိတို့လုပ်ငန်းခွင်ရှိ အများပြည်သူများနှင့် ပြောဆိုဆက်ဆံရာတွင် ကောင်းမွန်သော ဝန်ဆောင်မှုကောင်းများဖြင့် ဆောင်ရွက်စေလိုပါကြောင်း သင်တန်းဆင်းပြီး နောက်ပိုင်းတွင်လည်း အများပြည်သူတို့အတွက် ဝန်ဆောင်မှုကောင်းများပေးနိုင်ရန် ဆက်လက်ဆည်းပူးလေ့ကျင့်ဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အနောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးက သင်တန်းသူ၊ သင်တန်းသားများကို ပြည်သူ့ဆက်ဆံရေး(PR)၏အဓိပ္ပာယ် ဖွင့်ဆိုချက်၊(PR)စနစ်ဖြင့် ထိရောက်စွာ အသုံးချနိုင်မည့် နည်းလမ်းများ၊ ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ပြည်သူ့ဆက်ဆံရေး၏အဓိပ္ပာယ်၊ ပြည်သူကိုဗဟိုပြုသော အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများ အကြောင်းတို့ကို အသေးစိတ်ဆွေးနွေးဟောပြောသည် ။
ထိုနောက်သင်တန်းသူသင်တန်းသားများက မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေဆိုခဲ့ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းသို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း) ဌာနမှအရာထမ်း၊ အမှုထမ်းသင်တန်းသူ၊ သင်တန်းသား ၅၆ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်