ကျောက်မဲ ဇွန် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ဖွင့်လှစ်ခဲ့သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးရေးနှင့်ဖွံဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း(ECCD) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂နာရီ အချိန်က မူလတန်းကြို ကျောင်းခန်းမ တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းဆင်ပွဲအခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေမှ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ယင်းနောက် သင်တန်းသူများက တေးသရုပ်ဖော်အကများ၊ ကဗျာရွတ်ဆိုခြင်းများဖြင့် ဖျော်ဖြေခြင်း ဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသူ မူကြိုဆရာမများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးရေးနှင့်ဖွံဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း(ECCD) သင်တန်းကို မူကြိုအရွယ်ကလေးငယ်များအား နည်းစနစ်မှန်ကန်စွာ ပြုစုပျိုးထောင်ပေးနိုင်ရန် အတွက် ရည်ရွယ်ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းအား ဇွန် ၇ ရက်နေ့မှ ဇွန် ၂၀ ရက်နေ့အထိ သင်ကြားခဲ့ကြောင်း၊ သင်တန်းသို့ ကျောက်မဲခရိုင်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်း ဆရာ/ဆရာမ ၂၁ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း ကျောက်မဲခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းရီ၏ ပြောကြားချက်အရ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)