မုံးကိုး စက်တင်ဘာ ၈
မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဒေသ၌ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ကူးစက်မှုမြန်ဆန်သည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်ခန့်က မုံးကိုးမြို့၊ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေး ခန်းမ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးတွင် မုံးကိုးမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးမျိုးလွင်က “မုံးကိုးမြို့၊ မြို့အဝင်/ အထွက် တွင် ကျန်းမာရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်ပြီး လူအဝင်/အထွက် စနစ်တစ်ကျ မှတ်တမ်းတင်နိုင်ရေးနှင့် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးများကို အရှိန်အဟုန် မပျက်ဘဲ ဝိုင်းဝန်း ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်ရန်၊ ကျန်းမာရေးညွှန်ကြားချက်များကို ပြည်သူများ စနစ် တစ်ကျ လိုက်နာနိုင်ရန်အတွက် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန်၊ ပြည်သူများ အပြင်ဘက်သို့ သွားလာပါက နှာခေါင်းစည်းတပ်ဆင်ပြီးမှ သွားလာကြရန်၊ မြို့ပေါ်ဈေး ဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်နှင့် ရောင်းချမှုရှိ/မရှိ စနစ် တစ်ကျ လိုက်လံစစ်ဆေးရန်၊ နေရပ်ပြန်ပြည်သူ များရှိပါက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့နိုင်ရန်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပရဟိတ အသင်းအဖွဲ့များ၊ ရပ်မိ/ရပ်ဖများနှင့် ပြည်သူလူထုများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာလျှင် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ အောင်မြင်နိုင်မည်ဖြစ်ကြောင်း”ကို ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး မုံးကိုးမြို့၊ ပြည်သူဆေးရုံမှ ဒေါက်တာဒီးအောင်က “ရောဂါကူးစက်ပြန့်ပွားနေသည့် နေရာ ဒေသများမှ ဝင်ရောက်လာသူများကို (Quarantine)ထားရှိနိုင်ရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် မဖြစ်မနေလိုက်နာရမည့် လမ်းညွှန်ချက်များ”ကို ထပ်မံဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ကြိုတင်ကာကွယ်ရေး ပြင်ဆင်ချက်များနှင့် ကြိုတင်ကာကွယ်မှုလုပ်ဆောင်ချက်များကို အသီးသီးဆွေးနွေးပြီး အရှိန်အဟုန်မပျက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို အပြန်အလှန် ဆွေးနွေး ဖလှယ် ကြကြောင်းသိရသည်။
သန်းဇော်ဦး(ပြန်/ဆက်)