လှိုင်သာယာ(အနောက်ပိုင်း) ဇွန် ၂၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် Online စနစ်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အများပြည်သူ အသိပညာပေး (Talk Show) ကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသိပညာပေး (Talk Show) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဝေလွင်လွင်ကျော်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် စိတ်ပိုင်း၊ ရုပ်ပိုင်းနှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်သည့် ဆိုးကျိုးအန္တရာယ်များအား လည်းကောင်း၊ ဒေါ်ခင်သီတာစန်း ရုပ်သံ-၃(အင်အားပြ)မှ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် လူမှုရေးဆိုင်ရာ ဆိုးကျိုးများနှင့်၊ ဥပဒေအရအရေးယူ ခံရနိုင်သည့် အကြောင်းအရာများအား အများပြည်သူအသိပညာ တိုးပွားစေရေး ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်များကို လစဉ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများ ပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့် ရိုက်ကူးတင်ဆက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဝေလွင်ကျော်(ပြန်/ဆက်)