လှိုင်သာယာ(အနောက်ပိုင်း) ဇွန် ၂၁
ရန်ကုန် မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ် (၁၉) အ-ထ-က (၁၉)၊ လခွဲ(၁၈)၊ အမက (၃၇) ကျောင်းများတွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား / ကျောင်းသူများအား ယမန်နေ့ နံနက် (၉) နာရီက အခြေခံပညာကျောင်းများတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းသား / ကျောင်းသူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ကောင်းသူများအား မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား / ကျောင်းသူများကို ဇွန်လ (၃) ရက်နေ့မှ စတင် ထိုးနှံပေးပြီး ယနေ့တွင် ကျောင်းသား / ကျောင်းသူ (၆၄၂) ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (sinopharm) အား ကျန်းမာရေးဝန်ထမ်းများမှ စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ကျန်ရှိနေသော အခြေခံပညာကျောင်းများကို ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ဝေလွင်ကျော်(ပြန်/ဆက်)