ကွတ်ခိုင် စက်တင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၌ ညမထွက်ရ ဒေသန္တရအမိန့်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ ပေး နှိုးဆော်မှုများကို ယမန်နေ့ညနေပိုင်းက မြို့အတွင်း လှည့်လည်ကာ အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကွတ်ခိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ကွတ်ခိုင်မြို့ ရပ်ကွက်များအတွင်း မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ ရှမ်းပြည်နယ်အစိုးရမှ ထုတ်ပြန်ထား သည့် ညမထွက်ရအမိန့်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်သည်။
ပြည်သူများအနေဖြင့် တက်နိုင်သမျှမိမိနေအိမ်တွင်သာ နေထိုင်စေခြင်း၊ နေအိမ်မှ ပြင်ပသို့ထွက်ခွာရာတွင် လည်းကောင်း၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ဈေးသို့ ဈေးရောင်းဈေးဝယ်ပြုလုပ်ရာတွင်လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန် လိုက်လံနှိုးဆော်ပြီး ရောဂါ ဖြစ်ပွားလျက်ရှိသောဒေသမှ ပြန်လာသူများရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ ထံ အကြောင်းကြားပေးပါရန် အစရှိသည့် အသိပေးနှိုးဆော်မှုများကို ပြုလုပ်ဆောင်ရွက်သည်။
ကွတ်ခိုင်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအသင်းအဖွဲ့များက ပူးပေါင်း၍ လူစည်ကားသည့်နေရာများနှင့် မြို့အဝင်/ထွက် ရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးစခန်းတို့၌ ဝင်/ထွက်သွားလာသည့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများကို ကျန်းမာရေးစစ်ဆေးခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းတို့ကို အရှိန်အဟုန်မြှင့် ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)