ကျိန္တလီ ဇွန် ၂၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကို ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်က ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဂွမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုလဝကမှူးဦးဇာနည်ငြိမ်းချမ်း ဦးဆောင်သည့် အဖွဲ့သည် ကျိန္တလီမြို့ အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၃)ရပ်ကွက်အတွင်း နေထိုင်ကြသည့် ပြည်သူများကို အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးရာ၌ မိမိတို့မွေးဖွားရာဇာတိတွင် အမြဲနေထိုင်ပြီး အိမ်ထောင်စု လူဦးရေစာရင်းသာရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများနှင့် ပြောင်းရွေ့နေထိုင်သူများအနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းကို ဒုလဝကမှူး ဦးဇာနည်ငြိမ်းချမ်းက ပြည်သူများအားရှင်းလင်းပြောကြားပြီး ကျိန္တလီမြို့အတွင်း နေထိုင်ကြသော အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျိန္တလီ (ပြန်/ဆက်)