ကျောက်တလုံးကြီး ဇွန် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် အသက်(၅)နှစ်မှ(၁၂)အထိကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို ယမန်နေ့နံနက်(၉)နာရီခန့်က ကျောက်တလုံးကြီးမြို့ (အ.ထ.က)ကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးထိုးနှံကြသည့် (အ.ထ.က)ကျောင်းမှအသက်(၅)နှစ်နှင့်(၁၂)အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက် ကောက်ယူခြင်းပြုလုပ်ပြီးနောက် ကျောက်တလုံးကြီးမြို့၊ တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ ဟမ်းဆီးကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများတို့က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင် ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)