သာကေတမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ဆက်လက်ထိုးနှံပေး

သာကေတ ဇွန် ၂၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ် Phase-11(Sinopharm)  ထိုးနှံခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ(၄၄၉၀)ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်း သိရှိရသည်။

သာကေတမြို့နယ်ရှိ ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ် Phase-11(Sinopharm)အား ဆက်လက်ထိုးနှံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉:၀၀) နာရီမှ ညနေ (၂:၀၀) နာရီအထိ အမှတ်(၈)ရပ်ကွက်ရှိ အမှတ်(၂၈)အခြေခံပညာမူလတန်းကျောင်း၊ ရှု့ခင်းသာရပ်ကွက်ရှိ အမှတ်(၄၀)အခြေခံပညာမူလတန်းကျောင်း၊ (၉)ရပ်ကွက်ရှိ အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်းများတွင် ကာကွယ်ဆေးထိုးနှံမည့်ကျောင်းသား၊ ကျောင်းသူစာရင်းရှိ(၄၉၄)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီအောင် လမ်းညွှန်စီမံမှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့မှပူးပေါင်းကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအသင်း၊ ကျောင်းကော်မတီဝင်များမှ ဆေးထိုးနှံမည့်ကျောင်းသား၊ ကျောင်းသူများအားအပူချိန်တိုင်းခြင်း၊ ဖျားနာခြင်းရှိ/ မရှိ၊ ကာကွယ်ဆေးများ ထိုးနှံထားခြင်း ရှိ/ မရှိ၊ စနစ်တကျစစ်ဆေးပြီး ဆေးထိုးအဖွဲ့(၂)ဖွဲ့ဖြင့် ကာကွယ်ဆေးထိုးနှံဆောင်ရွက်ခဲ့ပြီး အခြေခံပညာမူလတန်းကျောင်း(၄၆)ကျောင်း၊ အလယ်တန်းကျောင်း(၆)ကျောင်း၊ အထက်တန်း(၆)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၇)ကျောင်း၊ ပုဂ္ဂလိကပညာရေးကျောင်း(၈)ကျောင်းရှိ (၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အသက်(၁၂)နှစ်မှ(၁၈)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။                                             

ဆောင်းနှင်းဖြူ (ပြန်/ဆက်)