ဗိုလ်တထောင် ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေ သော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၁ဝ) နာရီတွင် အမှတ် (၃) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဟေမာဇော်၊ အမှတ်(၃) အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာကြီးဦးဝင်းနိုင်တို့က ကြီးကြပ်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ၊ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ (၁၇၄) ဦးတို့အား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ဇွန် ၂ ရက်နေ့တွင်စတင်ထိုးနှံပေးခဲ့ရာ (၂၈၆၃) ဦး ကိုထိုးနှံပေးပြီး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်ရက် အလိုက်ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ဆေးထိုးနှံရန် မကျန်ရှိစေရေးဆောင် ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)