ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်ငွေလုံးငွေရင်းဘတ်ဂျတ်ဖြင့် ဝယ်ယူသော ရုံးသုံး စက်ကိရိယာပစ္စည်းများအား ပြည်နယ်/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအတွက် ထောက်ပံ့ပေးအပ်

မြစ်ကြီးနား ဇွန် ၂၀

ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ပြည်နယ် ငွေလုံးငွေရင်းဘတ်ဂျက်ဖြင့် ဝယ်ယူခဲ့သော ရုံးသုံးစက်ကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး မနောမြေအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများအတွက် ရုံးလုပ်ငန်းဆိုင်ရာများကို အချိန်နှင့်တစ်ပြေး ညီဆောင်ရွက်နိုင်ရေး၊ အခမ်းအနားများ အသုံးပြုရန်နှင့် အားကစားကွင်းများ မြေညှိပြုပြင်နိုင်ရေး စက်ကိရိယာပစ္စည်းများကို ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်သည့်အတွက် တာဝန်ခံအရာထမ်းများအနေဖြင့် ပစ္စည်းများကို ရေရှည်တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ တန်ဖိုးရှိရှိ အသုံးချရန်နှင့် ပြည်နယ်၏ အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ မျိုးဆက်သစ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ရုံးသုံးပစ္စည်းများနှင့် စက်ကိရိယာများ ထုတ်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးက ပြည်နယ်ရုံးအပါအဝင် ခရိုင် (၄)ရုံး၊ မြို့နယ်ရုံး (၃)ရုံးတို့အတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဝယ်ယူခဲ့သော ရုံးလုပ်ငန်းသုံး ကွန်ပျူတာများနှင့် ပရင်တာများ၊ ပရိုဂျက်တာများ၊ အသံချဲ့စက်နှင့် ဆက်စပ်ပစ္စည်းများ၊ မြက်ဖြတ်စက်များ၊ Roller များ၊ အဲယားကွန်းများကို ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်