ဟိုပုံး ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းခေတ်မီစံပြကျေးရွာတွင် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေနံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာတွင် ပြုလုပ်သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းမော်က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်းက သင်တန်းအမှာစကားပြောကြားရာတွင် Bakery အမျိုးမျိုးထုတ်လုပ်မှုနည်း ပညာသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြင့် ဒေသခံပြည်သူများနည်းပညာများရရှိကာ ကိုယ်ပိုင် လုပ်ငန်းများထူထောင်လာနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိလာခြင်း၊ နည်းပညာအခြေခံ၍ ထုတ်ကုန်အမယ်သစ်များ ပေါ်ထွက်လာပြီး ဈေးကွက်အတွင်းထုတ်ကုန်များ အပြိုင်အဆိုင်ပေါ်ထွက်ကာ ပြည်ပသွင်းကုန်စားသောက်ကုန်များအား ယှဉ်ပြိုင်နိုင်မှာဖြစ်ပါကြောင်း၊ ပြည်ပမှ တင်သွင်းသည့် စားသောက်ကုန်များဟာဆိုရင် မိမိတို့နိုင်ငံမှ တင်ပို့လိုက်သည့် ကုန်ကြမ်းပစ္စည်းများကို အခြေခံကာထုတ်ပိုးမှု၊ သပ်ရပ်လှပမှုတို့ဖြင့်ဆွဲဆောင်ပြီး ဈေးကွက်ဝင်အောင်ပြုလုပ်၍ မိမိတို့နိုင်ငံတွင် ပြန်လည်တင်သွင်းရောင်းချနေတာ တွေ့ရမှာဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်းတွင် ဂရုတစိုက်ကြိုးစားပြီး သင်တန်းမှရရှိတဲ့ အတွေ့အကြုံတွေ့နဲ့ စားသောက်ကုန်များကို စနစ်တကျ ထုတ်လုပ်နိုင်မယ်ဆိုရင် အခြားနိုင်ငံများရဲ့ ကုန်ပစ္စည်းလွှမ်းမိုးမှုကို အကာအကွယ်ဖြစ်စေမည့်အပြင် ဒေသတွင်းဝင်ငွေတိုးတက်လာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသတွင်းထွက်ရှိသော သီးနှံများကို အခြေခံသည့် စားသောက်ကုန်လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေရန်၊ One Village One Product အဖြစ်ထုတ်ကုန်အသစ်များ ပေါ်ထွက်လာစေရန်၊ ပြည်သူများအနေဖြင့် မိမိတို့ဒေသထွက်အသီးအနှံများအား တန်ဖိုးမြှင့်စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေညွှန်ကြားချက်များကို သိရှိလာစေရန်၊ ကျေးလက်ဒေသဆင်းရဲမှုလျှော့ချရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ Bakery ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် Butter Cake၊ ကွတ်ကီး၊ လျှာပေါ်ဝဲ၊ နံကထိုင်၊ ပူတင်း၊ ကျောက်ကျော၊ Plane Cake ၊ သီးစုံကိတ်၊ ပေါင်မုန့်၊ ကိတ်ခြောက်နှင့် Pizza စသည့် မုန့်အမျိုးမျိုးထုတ်လုပ်နည်းများကို သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား(၂၅)ဦးဖြင့် ဇွန်လ(၂၀)ရက် နေ့မှ ဇွန်လ(၂၆)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
နေမင်းထွန်း(ပအိုဝ်းဒေသ)