သိန္နီ ဇွန် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် စိုက်ပျိုးတောင်သူများ သီနှံများ စိုက်ပျိုး ရာတွင် စိုက်ပျိုးရေးဓာတ်မြေသြဇာများ အသုံးပြုမှုမှန်ကန်နိုင်ရေး၊ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်း ဆိုင်များနှင့် ဂိုဒေါင်များတွင် တရားမဝင်ဖြန့်ဖြူးရောင်းချမှုရှိ /မရှိ စစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ် တရားမဝင် ကုန်ပစ္စည်းများတားဆီးရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊မြို့နယ်ရဲတပ်ဖွဲ့တို့က မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်း ဆိုင်များနှင့်ဂိုဒေါင်များ၊ ယူရီးယားဓာတ်မြေသြဇာသီးခြား သိုလှောင်ရောင်းချနေသောဂိုဒေါင်များ၊ တရားမဝင် အမိုနီယမ်နိုက်ထရိတ်သိုလှောင်ရောင်းချသည်ဟု သတင်းရဂိုဒေါင်များအား စစ်ဆေးခြင်း၊ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခြင်းဆောင်ရွက်ရန်အတွက် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့သည်။ တရားမဝင်စိုက်ပျိုးရေးပစ္စည်းများ ရောင်းချခြင်းတွေ့ရှိပါက တောင်သူများနစ်နာမှုမရှိစေရေးအတွက် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးမှူး ဦးစောသိန်းထိုက်ထံမှ သိရသည်။
စောဥမ္မာ (သိန္နီ)