နေပြည်တော် ဇွန် ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆင့်ပွားသင်တန်း(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနား ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်နေဖြင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်နေသည့်ဌာနများက ဝန်ထမ်းများအနေဖြင့် ဆက်စပ်ဌာနများ၏ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများကိုသိရှိစေရန်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ယခုထက်ပိုမို၍ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိထိရောက်ရောက် တားဆီးအရေးယူသွားရမှာဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချချက်များကို အလေးအနက်ထား၍သင်ယူပြီး လက်တွေ့နယ်ပယ်များတွင်လည်း ထိထိရောက်ရောက် အသုံးချဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲမြင့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းပြောကြားကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါသင်တန်းသို့ နေပြည်တော်အတွင်း မြို့နယ်များရှိ ဌာနဆိုင်ရာဝန်ထမ်း သင်တန်းသား(၁၆)ဦး တက်ရောက်ကြပြီး သင်တန်းကို သုံးရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြာင်း သိရသည်။
အောင်ကိုကို(ခရိုင်ပြန်/ဆက်)