ရွှေပြည်သာမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမ အကြိမ်စတင်ထိုးနှံ

ရွှေပြည်သာ ဇွန် ၂၀

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်ရောဂါကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊  မြောက်ပိုင်းခရိုင်၊   ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်ရှိ အမှတ်(၁၃)အခြေခံပညာအလယ်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းကအသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို  ပထမအကြိမ်စတင်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်း ညွှန်ချက်များနှင့်အညီ Face Mask များ စနစ်တကျတပ်ဆင်စေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့သည်။

ဆက်လက်၍ ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား၊  ကျောင်းသူများအား မိနစ်(၃၀)ခန့် အနားယူစေခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်

အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးမိုး (ပြန်/ဆက်)