လဲချား ဇွန် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Center)လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ လဲချားမြို့စာပေဝါသနာရှင်များကဦးလှဝင်း(လေသူရဲတစ်ဦး)ရေးသားသည့် ဘဝနှင့်အလုပ်၏ လျှို့ဝှက်ချက်များစာအုပ်ဖြင့် ၂၀-၆-၂၀၂၂ နေ့လယ် ၁၁ နာရီတွင် စာဖတ်ဝိုင်းကျင်းပဆွေးနွေးခဲ့ သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းမြင့်မြင့်ဆွေက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် စာပေဝါသနာရှင်လူငယ် မောင်သူရိန်မင်းခန့်က သင့်ကိုယ်သင်သိအောင်လုပ်၊ သင့်ကိုယ်သင် တန်ဖိုးထားမှတ်ထားပါ၊ ဒီကမ္ဘာကြီးမှာ သင်နှင့်တူသူတစ်ဦးမှ မရှိခေါင်းစဉ်များအားလည်းကောင်း၊ မောင်အောင်စစ်ပိုင်က မောပန်းတာနှင့်သောကများတာကို ကာကွယ်ပေးနိုင်တဲ့ အလုပ်ခွင် ကျင့်စဉ်ကောင်း ၄ခု၊ သင်ဘာကြောင့်မောပန်းနွမ်းနယ်မှုတွေဖြစ်ရသလဲ၊ ဒီဒုက္ခကို ဘယ်လိုကျော်ဖြတ်မှာလဲ၊ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် မနှင်းဖြိုးဝေက ပင်ပန်းနွမ်းနယ်တာ၊ သောကများတာ၊ ခါးသီးတဲ့ ခံစားချက်ပေါ်နေတာတွေကို ဘယ်လိုပျောက်အောင် လုပ်မှာလဲ၊ ဒေါ်လာတစ်သန်းနှင့် သင့်မှာရှိတာတွေကို လဲနိုင်မှလားခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားကြပြီး တက်ရောက်လာသူများမှ မိမိတို့၏ သဘောထားအမြင်များကို လည်း ကောင်း အပြန်အလှန် ဆွေးနွေးကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)