တပ်ကုန်း ဇွန် ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ သုတစုံလင်စာဥယျာဉ် အစီအစဉ်အသိပညာပေး ဟောပြောခြင်းကို Online မှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိရာ “ပွင့်သောပန်းတိုင်း လန်းစေချင်” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ Community Centre ခန်းမ တွင် ကျင်းပခဲ့သည်။
အဆိုပါအစီအစဉ်တွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း)က “ပွင့်သောပန်းတိုင်းလန်းစေချင်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ထိုခေါင်းစဉ်ထဲတွင် သွေးလွန်တုပ်ကွေးလက္ခဏာ၊ ရောဂါဖြစ်လျှင် ကျန်းမာရေးဌာနသို့ အမြန်ပြသကုသရေး၊ ဝိုင်းဝန်းကူညီရေး၊ ခြင်ပေါက်ပွားမှုလျော့နည်းအောင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းဆောင်ရွက်ရေး၊ ရေစည်ပိုင်း၊ အုတ်ကန်များ အဘိတ်ဆေးခတ်ရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများအကြောင်းတို့ ပါဝင်ကြောင်းသိရပြီး၊ “ပွင့်သောပန်းတိုင်း လန်းစေချင်” ခေါင်းစဉ်ဖြင့် ဟောပြောခြင်းအကြောင်းအရာအပြည့်အစုံကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် Online မှ တစ်ဆင့် တပ်ကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်