တောင်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၈)နှစ်နှင့်အောက် အမျိုးသား(ဖူဆယ်)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

တောင်ဥက္ကလာပ ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ၂၀၂၂ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ အသက်(၁၈)နှစ်နှင့်အောက် အမျိုးသား(ဖူဆယ်)ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်(၈:၀၀)နာရီက တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ ချယ်ရီဥယျာဉ်အိမ်ရာရှိ SAKURA (ဖူဆယ်)ဘောလုံးကစားကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါဖွင့်ပွဲသို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးသက်တင်အောင်၊ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဗိုလ်မှူးဝဏ္ဏထွန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အသင်းနည်းပြများ၊ အားကစားသမားများနှင့် အားကစားချစ်မြတ်နိုးသူ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရပါသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက ပြိုင်ပွဲဝင်လူငယ်အားကစားသမားများကို အဖွင့်နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး အားကစားသမားတစ်ဦးချင်းစီက တက်ရောက်လာကြသော တာဝန်ရှိသူများကို ဂါရဝပြုနှုတ်ဆက်ကြ၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်က အမှတ်(၇)ရပ်ကွက်အသင်းနှင့် အမှတ်(၁၀)ရပ်ကွက်အသင်းတို့အား ကွင်းအတွင်းသို့ ဘောလုံးကိုကန်၍ ပထမဆုံးပွဲစဉ်ကို ဖွင့်လှစ်ပေးခဲ့ကြောင်းသိရပါသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၈)နှစ်နှင့်အောက် အမျိုးသား(ဖူဆယ်)ဘောလုံးပြိုင်ပွဲတွင် အသင်း(၁၂)သင်းရှိပြီး တစ်နေ့လျှင်ပွဲစဉ် (၂)ပွဲနှုန်းဖြင့် ယနေ့မှစ၍ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ပထမဆုရရှိသည့်အသင်းကိုကျပ်(၅)သိန်း၊ ဒုတိယဆုကျပ်(၃)သိန်း၊ တတိယဆုကျပ်(၂)သိန်း အသီးသီးချီးမြှင့်ပေးမည့်အပြင် ပွဲစဉ်များအလိုက် အကောင်းဆုံး ကစားသမားဆုအဖြစ်ကျပ်(၂)သောင်းကိုပါ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

စိုးဝဏ္ဏထွန်း (ပြန်/ဆက်)