ပူတာအိုခရိုင်၌ တောင်သူများအတွက် အရစ်ကျစနစ်ဖြင့် လက်ကိုင်ရှည် လက်တွန်းထွန်စက်များ ဖြန့်ဖြူးရောင်းချပေး

ပူတာအို ဇွန် ၂၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ဒေသဝမ်းစာဖူလုံရေးအတွက် တောင်သူများ လယ်ယာသုံးစက် ကိရိယာများ ပိုမိုသုံးစွဲ လာစေရေး စက်မှုလယ်ယာဦးစီးဌာနမှ လက်ကိုင်ရှည် လက်တွန်းထွန်စက် (၁၀)စီးအား အရစ်ကျစနစ်ဖြင့် ဖြန့်ဖြူး ရောင်းချပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက အဖွင့်အမှာစကားပြောကြားပြီး စက်မှုလယ်ယာ ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစိုးသိန်းက စက်မှုလယ်ယာဦးစီးဌာနမှ လက်ကိုင်ရှည် လက်တွန်း ထွန်စက်များ အရစ်ကျစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လယ်ယာသုံး စက်ကိရိယာများ ရေရှည် အသုံးပြုနိုင်စေရန် ရေရှည်ထိန်းသိမ်းနည်းများကို ရှင်းလင်းဆွေးနွေးကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပူတာအို မြို့နယ်မှ စက်ဝယ်ယူသူ တောင်သူတစ်ဦးနှင့် နောင်မွန်းမြို့နယ်မှ စက်ဝယ်ယူသူ တောင်သူ ကိုးဦးတို့အား စက်ကိရိယာ နှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ စက်ဝယ်ယူသူ တောင်သူများကိုယ်စား နောင်မွန်းမြို့နယ် ထန်ထုကျေးရွာမှ တောင်သူ ဦးလန့်မဇားဒီးရမ်က ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနား တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တောင်သူများအား ဖြန့်ဖြူးရောင်းချပေးသော စက်ကိရိယာများကို ကြည့်ရှုအားပေးသည်။

စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ပူတာအိုခရိုင်တွင် ဒေသဝမ်းစာဖူလုံရေးအတွက် နှစ်စဉ်စိုက်ပျိုး မြေများဖော်ထုတ်ပေး ခြင်း၊ ထွန်စက်ကြီး အငှားဝန်ဆောင်မှုပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာများ ကို အတိုးနှုန်း အနည်းဆုံးဖြင့် အရစ်ကျ ရောင်းချပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၁၁ ခုနှစ်မှ ၂၀၂၁- ခုနှစ်အထိ လယ်ယာ(၂၂)လက်တွန်း ထွန်စက်(၁၉)စီး၊ ဒေါင်ဖန်းလက်တွန်း (၃၅၂)စီး၊ လက်ကိုင်ရှည်လက်တွန်း (၃၆)စီး၊ အသေးစားလက်တွန်း ထွန်စက် (၁၀)စီး၊ ကြားပေါင်း လိုက်စက်(၁)စီး စုစုပေါင်း(၄၁၈)စီး ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပထမအကြိမ်အနေဖြင့် လက်ကိုင်ရှည်လက်တွန်း ထွန်စက်(၁၀) စီးကို အရစ်ကျ စနစ်ဖြင့် စက်တစ်စီးတန်ဖိုး စုစုပေါင်း(၂၈၅၆၀၀၀)သိန်းဖြင့် သုံးနှစ်လေးရစ်ဆပ် စနစ်ဖြင့် ရောင်းချပေးခြင်း ဖြစ်ပြီး ဒေသရေမြေသဘာဝနှင့် ကိုက်ညီသည့် တောင်သူစိတ်ကြိုက် အသေးစားလက်တွန်း ထွန်စက်(၂၁)စီးကိုလည်း မကြာမီ အချိန်တွင် အရစ်ကျစနစ်ဖြင့် ဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်