တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် အထူးအလေးထားဆောင်ရွက်

တာမွေ ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီးရန်ကုန်အရှေ့ပိုင်းခရိုင်တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်လျှပ်စစ်ဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ (၁၆၄)လမ်းတစ်လျှောက်ရှိ ဟောင်းနွမ်းဆွေးမြေ့နေသော ရှုပ်ထွေးဆားဗစ်ကြိုးများအား ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြပြီး ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် အစားထိုးလဲလှယ် သွယ်တန်းခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုကဲ့သို့ တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။"ကျွန်တော်တို့ တာမွေမြို့နယ်မှာ ယခုရက်ပိုင်းအတွင်း ဓာတ်လိုက်သေဆုံးမှုတွေက မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ရှိပါကြောင်း၊ တစ်ချို့နေရာများတွင် ဓာတ်ကြိုးများက ဟောင်းနွမ်းဆွေးမြေ့နေသည့်အပြင် ကြိုးတွေကပြတ်ကျနေတာတွေလည်းရှိသည့်အတွက် ကျွန်တော်အပါအဝင် မြို့နယ်အတွင်းရှိ ပြည်သူများအနေနှင့် သတိထားပြီး သွားလာနေကြရပါကြောင်း၊ ယခုလိုသက်ဆိုင်ရာတာဝန်ရှိသူများအနေနှင့် လျှပ်စစ်အန္တရာယ်ဖြစ်စေနိုင်သည့် ဟောင်းနွမ်းဆွေးမြေ့နေပြီး ရှုပ်ထွေးနေသည့် ဆားဗစ်ကြိုးများကို ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးသည့်အတွက် မြို့နယ်အတွင်းမှာရှိသည့် ပြည်သူများကိုယ်စား ကျေးဇူးအထူးတင်ရှိပါသည်ဟု ပြောချင်ပါကြောင်း၊ မြို့နယ်အတွင်းရှိ တစ်ချို့နေရာများမှာ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများကိုလည်း ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးစေချင်ပါကြောင်း” ဒေသခံပြည်သူတစ်ဦးကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်လျှပ်စစ်ဌာနအနေဖြင့် မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားစနစ်ပိုမိုကောင်းမွန် တည်ငြိမ်မှုရှိပြီး ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲလာမှုအပေါ် လုံလုံလောက်လောက် ဖြန့်ဖြူးပေးနိုင်စေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (တာမွေ)