ရန်ကင်း ဇွန် ၂၀
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်နေ့အထိမ်းအမှတ် အကြိုစာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀:၀၀ နာရီက ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့် မူးယစ်ဆေးဝါး၏ သားကောင်ဖြစ်နေသည့် လူငယ်များကို မည်ကဲ့သို့လမ်းမှန်ပေါ် ပြန်လည်ခေါ်ဆောင်၍ရမည်ကို သဘောပေါက်စေရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး၊ စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ စာစီစာကုံးပြိုင်ပွဲကို ကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား/သူ (၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများက ရန်ကင်းမြို့နယ်ရုံးတွင် ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ၊ စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
အိရွှေစင်