ဝိုင်းမော်မြို့နယ်၌ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ

ဝိုင်းမော် ဇွန် ၂၀

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် “လပြည့်ဝန်း”လူမှုကူညီရေးအသင်းမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းများတွင် ကိုယ်ကျိုးစွန့်၍ ပရဟိတ ဆောင်ရွက်ပေးခဲ့မှုအား ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများ ထပ်ဆင့်ပေးအပ်ပွဲနှင့် အသင်းဝင်မိသားစုများ၏ သားသမီးများမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသည့် ကျောင်းသား/သူများအား ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ ခါ့ကွမ်နယ်မြေရှိ အဆိုပါအသင်းရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်းမှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ထို့နောက် “လပြည့်ဝန်း”လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစန်းနိုင်မှ ဝိုင်းမော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်ခဲ့သည့် အသင်းဝင်များအား ကျေးဇူးတင်ရှိပါကြောင်းနှင့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် မိမိတို့အသင်းဝင်များ၏ သားသမီးများအား ဂုဏ်ပြုပွဲကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဝိုင်းမော်မြို့နယ် ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်းနှင့် တာဝန်ရှိသူများက ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများအား အသင်းသား တစ်ဦးခြင်းထံသို့ ဂုဏ်ပြုပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း၌ ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်၊ ဆုဖလား၊ ငွေသားဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ကာ ကျောင်းသား/သူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားသို့ ဝိုင်းမော်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ထိုက်နှင့် ဖိတ်ကြားထားသူများ၊ “လပြည့်ဝန်း” လူမှုကူညီရေးအသင်းမှ အသင်းဝင်များနှင့် ဆုရကျောင်းသား/သူများ တက်ရောက်ကြောင်း သတင်းရရှိသည်။

ဖြူစင်(ပြန်/ဆက်)