တကောင်း ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား ၂၀၂၂ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့နံနက်ပိုင်းမှစတင်၍ တကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ မြို့မ (အ.လ.က)ကျောင်း၊ ဖုန်းကုန်း (အ.ထ.က (ခွဲ)၊ ညောင်လေးပင် (အ.လ.က (ခွဲ) ကျောင်းများမှ အသက်(၅)နှစ်နှင့် (၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် “ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ် ထိုးနှံကြပါစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးလွှမ်းခြုံမှု အလျှင်အမြန်ရရှိစေရန်ရည်ရွယ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဝေဇံ ဦးဆောင်ကာ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက တကောင်းမြို့အတွင်းရှိ အခြေခံ ပညာကျောင်းများရှိ ဆေးထိုးစုရပ်များ အလိုက် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။
တကောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်နှင့် (၁၂)နှစ်အထိကျောင်းသား/ကျောင်းသူ (၁၄၁၅)ဦးအား ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ရာ ကျောင်းသား/ကျောင်းသူ (၃၈၀)ဦးအား ကာကွယ်ဆေးထိုးနှံပြီးစီးပြီဖြစ်ပြီး ကျန်ရှိနေသော ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာကျောင်းများအလိုက် ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
သီရိအောင်( တကောင်း)