နောင်ချို ဇွန် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူတောင်းဆိုနိုင်သည့် အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးပေါင်ခန့်လန်က ကုန်စည်နှင့်ဝန်ဆောင်မှု အဓိပ္ပာယ်အားလည်းကောင်း၊ အရေးကြီးသည့် ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ၊ ပုဒ်မခွဲတို့ကိုလည်းကောင်း၊ ပို့ကုန်၊သွင်းကုန် ဥပဒေပုဒ်မ၊ ပုဒ်မခွဲ တို့ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေးTalk Show ဆွေးနွေးပွဲများကို ဌာနဆိုင်ရာများ၊ လူမှုအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)