ပင်းတယ စက်တင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ဒေသရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ဒေသအဆင့်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးငွေစိုး က ဒေသအဆင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်း လမ်းများအတိုင်း ကျင်းပနိုင်ရေး၊ နိုင်ငံရေးပါတီများ၏ လိုက်နာရမည့်စည်းကမ်းချက်များ၊ မဲရုံများတွင် မဲရုံမှူးများလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ စသည်တို့ကို ရှင်းလင်း ပြောကြား ခဲ့သည်။ ယင်းနောက် မြို့နယ်ဆရာဝန်မကြီး ဒေါက်တာမို့မို့ကြည် က ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်များကိုလည်းကောင်း၊ ဒေသရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမြလှိုင် က ရွေးကောက်ပွဲဆိုင်ရာနှင့် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားရာ နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများတို့က သိလို သည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပင်းတယနှင့် ရွာငံမြို့နယ်မှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဒေသအဆင့် မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ ပြုစုခြင်းကိုလည်းကောင်း၊ ရွေးကောက်ပွဲကာလတွင် လတ်တလော ဖြစ်ပွား နေသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန် ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း တင်ပြဆွေးနွေးကြကာ လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့်ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် စွမ်းစွမ်းတမံကြိုးစားပေးကြရန် ဒေသရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးငွေစိုး က ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးငွေစိုးနှင့် အဖွဲ့ဝင်များ၊ ပင်းတယနှင့် ရွာငံမြို့နယ်မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီအသီးသီးမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် လေ့လာသူများက လက်ရှိ ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများအတိုင်း တက်ရောက် ကြသည်။
မြို့နယ်(ပြန်/ဆက်)