ရန်ကုန် ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ခြင်မှတစ်ဆင့်ဖြစ်ပွားတက်သောကူးစက်ရောဂါများမှ ကာကွယ်နိုင်စေရန်၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်စေရန်၊ ဆင်ခြေထောက်ရောဂါဖြစ်ပွားမှုမရှိစေရန်နှင့် အမှိုက်များ၊ ရေမြောင်းများပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှုမရှိစေရန်ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၇)နာရီအချိန်က ရွာမအလယ်ရပ်ကွက်၊ အ.ထ.က(၆)အင်းစိန်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးမှ လမ်းတံတားဌာန၊ ပတ်ဝန်းကျင်သန့်ရှင်းရေးဌာန၊ ကျန်းမာရေးဌာန၊ ရေစီးရေလာဌာနများမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာ၊ ဆရာမများနှင့်ကျောင်းသားမိဘများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုအထောက်အကူပြုအဖွဲ့များနှင့်တာဝန်ရှိသူများ စုစုပေါင်းအင်အား(၂၀၀)ဦးတို့က အ.ထ.က (၆)အင်းစိန်ကျောင်းအတွင်း၌ ခြင်ဆေးဖျန်းခြင်း၊ သုံးရေများအတွင်း အဘိတ်ဆေးခတ်ခြင်း၊ မြက်များ၊ ချုံနွယ်များ၊ အမှိုက်များနှင့်ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများအတွင်းရှိ ပိတ်ဆို့နေသောအမှိုက်များနှင့်နှုံးများကို ရှင်းလင်းခဲ့ကြပြီး ရရှိလာသော အမှိုက်များကို အမှိုက်သယ်ကားဖြင့် ထိန်ပင်အမှိုက်ကုန်းသို့ စနစ်တကျ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကျန်ရှိနေသော ရပ်ကွက်များနှင့်ကျောင်းများကိုလည်း ခြင်မှတစ်ဆင့်ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)