တံတားဦး ဇွန် ၂၀
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့စာကြည့် တိုက် ( Community Centre )ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းစာ အပြင် ပြင်ပစာပေဗဟုသုသုတများ လေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာများ တိုးပွားကြွယ်ဝလာစေ၍ စဉ်းစားတွေးခေါ်မှု အသိဉာဏ်ပညာများ ပိုမိုရင့်သန်လာပြီး အသိအလိမ္မာတိုးပွားပြီး အားလပ်သည့် အချိန်များတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ အချိန်မရွေးလာရောက်ပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်း ဖတ်ရှုနိုင်ကြောင်းပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က ကျောင်းသား၊ ကျောင်းသူများအနေ ဖြင့် ပညာရွှေအိုး လူမခိုးဆိုသည့် စကားအတိုင်း စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခြင်းဖြင့် ထူးချွန်ထက်မြတ်သော လူငယ်လူရွယ်ဖြစ်ကာ နောင်တစ်ခေတ်တွင် ခေါင်းဆောင် ကောင်းများ ဖြစ်ကြစေလိုကြောင်း ပြောကြားသည်။
ဆေးရောင်ခြယ်ပြိုင်ပွဲသို့ အ.လ.က၊ မြို့မ ကျောင်းသားသူများက မိမိတို့ လေ့လာမှတ်သားထားသော ရုပ်ပုံများကိုဆေးရောင်များဖြင့် ခြယ်သကြကာ တာဝန်ရှိသူများ လက်ဆောင်ပစ္စည်းများပေးအပ်ကြပြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲတင့်