သထုံမြို့နယ်တွင် ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေး သင်တန်းဖွင့်ပွဲကျင်းပ

သထုံ ဇွန် ၂၀

မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေး သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။

အခမ်းအနားတွင် မွန်ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာန ပြည်နယ်မှူး ဦးထွန်းထွန်းဝင်းက ငါးမွေးတောင်သူများ၏ စီးပွားရေးအခြေအနေများကို တစ်ဖက်တစ်လမ်း မှ ဖြည့်ဆည်း‌ပေးနိုင်ရန် ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အတွင်းရှိသည့် ငါးမွေးတောင်သူများနှင့် စိတ်ဝင်စားသူများကို ငါး‌မွေးမြူ ခြင်းလုပ်ငန်းနှင့် ပတ်သတ်၍ စာတွေ့လက်တွေ့ စဉ်ဆက်မပြတ် လက်ဆင့်ကမ်း သင်ကြားပေးနေပြီး သိရှိခဲ့သည့်နည်းစနစ်များကို လက်ဆင့်ကမ်းဖြန့်ဝေ ပေးခြင်းဖြင့် အကျိုးပြုဆောင်ရွက်စေလိုကြောင်း မိမိတို့ဒေသရှိ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြသူများအား ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး ငါးမွေး တောင်သူများအနေဖြင့် ကောင်းမွန်သည့် ရေသတ္တဝါမွေးမြူရေးကျင့်စဉ်နဲ့အညီ ဂရုပြု ဆောင်ရွက်စေလိုပါကြောင်း အမှာစကား ပြောကြားသည်။

အဆိုပါသင်တန်းတွင် ငါးမျိုးရွေးချယ် ထိန်းသိမ်းပြီး မျိုးဗီဇမြှင့်တင်ခြင်း ရေချိုငါးမျိုးနှင့် အလှမွေးငါးများ လက်တွေ့ဆေးထိုးသားဖောက်တာခြင်း၊ ငါး အစာအဟာရနှင့် အစာကျွေးနည်း စနစ်၊ ရေအရည်အသွေး တိုင်းတာစစ်ဆေးခြင်းစသည်တို့ကို ဇွန်လ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ စာတွေ့လက်တွေ့ သုံးရက် ကြာ အခမဲ့စားရိတ်ငြိမ်း ဖွင့်လှစ်သင်ကြား‌ ပေးသွားမည်ဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာနမှ နေ့စားဝန်ထမ်း သင်တန်းသား/သူ ၂၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)