နမ့်ဆန် ဇွန် ၂၀
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါးဆိုးကျိုးများ၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇော်မိုးက သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် ဖြစ်ပွားရခြင်း အကြောင်းအရင်းများ၊ ကမ္ဘာပေါ်တွင်ဖြစ်ပွားသော သဘာဝဘေးအန္တရာယ်များအကြောင်းကို လည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်းမှ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးခင်မောင်က မြန်မာနိုင်ငံ ကြက်ခြေနီအကြောင်း သိကောင်းစရာများစသည့် အကြောင်းအရာများကို အသီးသီးဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသရုံးမှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရတ စာအုပ်စာစောင် များကို ကျောင်းသား/ကျောင်းသူများအား ခင်းကျင်းပြသခဲ့ပြီး စာအုပ်များကို ဌားရမ်းပေးကာ သတင်းမှန်/ သတင်းမှား ခွဲခြားနိုင်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသပြန်/ဆက်