ကမ္ဘာ့ရှားပါးစာရင်းဝင်မြန်မာ့တိုက်လိပ်များ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် အောင်မြင်စွာ ပေါက်ဖွား

ညောင်ဦး ဇွန်  ၂၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်ရှိ သစ်တောဦးစီးဌာန၊ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ကမ္ဘာ့ရှားပါးစာရင်းဝင် မြန်မာ့တိုက်လိပ်များ အောင်မြင်စွာပေါက်ဖွားလျက်ရှိကြောင်း၊ မြန်မာ့တိုက်လိပ်များဟာ မြန်မာတစ် နိုင်ငံထဲမှာသာရှိသည့် ဌာနေဖွားမျိုးစိတ်ဖြစ်ပြီး နေရင်းဒေသများတွင် မျိုးသုဉ်းရန် အလွန်နီးကပ်နေသောကြောင့် မျိုးဆက်မပျက်သုဉ်းစေရေးအတွက် မွေးမြူပေါက်ဖွားလာစေရန်၊ တိုးပွားလာသော သားပေါက် များကို ၄င်းတို့နေရင်းဒေသများသို့စေလွှတ်ပေးရန် ၊တိုက် လိပ်ဝါသနာရှင်များ၊ ပညာရှင်များ၊ သုတေသနပြုလုပ်နိုင်ရန်နှင့် အများပြည်သူအနီးကပ် ကြည့်ရှုလေ့လာနိုင်ရန်၊ ရည်ရွယ်ချက်များဖြင့် မွေးမြူထိန်းသိမ်းထားခြင်းဖြစ်ကြောင်း လောကနန္ဒာဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်ထံက သိရသည်။

ကမ္ဘာမှာ မြန်မာတစ်နိုင်ငံထဲသာရှိသည့် ဌာနေဖွားမျိုးစိတ်ဖြစ်သကဲ့သို့ ကမ္ဘာတွင် ဒုတိယအရှားပါးဆုံး မျိုးစိတ်တစ်မျိုးဖြစ် ကြောင်း မြန်မာ့တိုက်လိပ်ကို သစ်တောဦးစီးဌာနမှ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ၂၀၀၁ ခုနှစ်မှစတင်၍ ၂ နှစ်နှင့် ၃နှစ်သားတိုက်လိပ်ပေါက် အထီး ၄၀ ကောင်နှင့်အမ ၆၀ ကောင်၊ စုစုပေါင်း တိုက်လိပ် ၁၀၀ ကောင်အား စတင်မွေးမြူ ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်အရွယ်ရောက်ချိန် ၊မိတ်လိုက်ချိန် ၊ ဥဥချိန် သားပေါက်ချိန်များကို တိတိကျကျ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် တိုက်လိပ်ငယ် တိုက်လိပ်ငယ် ၃၄ ကောင်ပေါက်ဖွားခဲ့ပြီး တိုက်လိပ်ငယ်များမှာလည်း အဖိတ်အစင်မရှိကြီးထွားနှုန်းကောင်းမွန်၍ ရှင်သန်လျက်ရှိကြောင်း ဦးရွှေဌေးအောင်မှ ပြောကြားသည်။

ဆက်လက်၍လည်း လောကနန္ဒာဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်မှ ယခင်နှစ်‌ အောက်တိုဘာလနှင့်နိုဝင် ဘာလများတွင် မိတ်လိုက်ခဲ့ကြသည့် တိုက်လိပ်အမ ၅၄ ကောင် အနက်မှ ခန့်မှန်းခြေတိုက်လိပ်မ ၁၆ ကောင်သည် အသင့်ပြုလုပ်ပေးထားသော သဲသောင်ပြင် ပေါ်သို့ ၂၀၂၁ ခုနှစ် ၊ဒီဇင်ဘာလ၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလများတွင် တက် ရောက်၍ ဥဥခဲ့ကြကြောင်း၊ အဆိုပါ ဥကျင်း ၃၀ ကျင်းထဲမှ ၂၀၂၂ ခုနှစ် ၊ဧပြီ ၂၆ ရက်နေ့တွင် တိုက်လိပ်ငယ် ၂ကောင်စတင်ပေါက်ဖွားခဲ့ပြီး အသီးသီး ပေါက်ဖွားလာခဲ့ကြသည့်အတွက် ဇွန် ၈ရက်နေ့တွင် စုစုပေါင်း ၁၄၉ ကောင်ထိပေါက်ဖွားခဲ့ကြောင်း၊ သားပေါက်ရာသီမှာလည်း ကုန်ဆုံးသွားပြီဖြစ်သည့်အတွက် တိုက်လိပ်များ ဥဥထားသော သဲသောင်ပြင်အနှံ့ တူးဖော် ရှာဖွေကြရာ နောက်ထပ် ၁၄ ကောင်ရရှိခဲ့ကြောင်း ၊ ၂၀၂၂ ခုနှစ် တိုက်လိပ်သားပေါက် ရာသီတွင် သားပေါက်စုစုပေါင်း ၁၆၃ ကောင်ပေါက်ဖွားခဲ့ရာ အများဆုံးပေါက်ဖွားလာသည့် နှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်း သိရသည်။

တိုက်လိပ်များကို မြန်မာနိုင်ငံမှာ ရတနာပုံတိရစ္ဆာန်ဥယျာဉ် ၊ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၊ ထမံသီတောရိုင်းတိရစ္ဆာန်ဥယျာဉ် ၊လောကနန္ဒာဘေးမဲ့တောဥယျာဉ်တို့တွင် တိုက်လိပ်များခဲ့လှောင် မွေးမြူထားကြပြီး၊ ယခုနှစ်လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ပေါက် ဖွားမှုအများဆုံးဖြစ်ပြီး၊ စင်္ကာပူနိုင်ငံသို့ ဌာနအစီအစဉ်ဖြင့် ငှားရမ်းထားသော သက်တူရွယ်တူ တိုက်လိပ် ၁၆ ကောင်မှာ အောင်မြင်သောသားပေါက်မှုမရှိသေးကြောင်း၊ လိပ်ပညာရှင်တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာတင့်လွင်၏ပြောကြားချက်အရ သိရသည်။

ကိုကြေးမုံ