တာမွေ ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ကင်းဝေးစေရေးအတွက် ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အပါအဝင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ဝင်များပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုကဲ့သို့ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းဝင်းအတွင်း ခြင်များ ခိုအောင်း နိုင်ခြင်းမရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ကျောင်းဝင်းအတွင်း ခြင်များ ပေါက်ဖွားနိုင်သည့် ရေတင်ကျန်နေသော ဘူး၊ ခွက်၊ တာယာ ဟောင်းများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ ကျောင်းဝင်းအတွင်း/အပြင်ရှိ ရေနှုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ ကျောင်းဝင်းအတွင်းရှိ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု ကင်းဝေးစေရေးအတွက် အဘိတ်ဆေးများ လိုက်လံခတ်ပေးခြင်း၊ စာသင်ဆောင်များအတွင်း ခြင်များခိုအောင်းနိုင်ခြင်း မရှိစေရေးအတွက် ခြင်ဆေးများမှုတ်ပေးခြင်း စသည်ဖြင့် ကျောင်းသား/ သူများ သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်စေရေးအတွက် အထူးအလေးထားဆောင်ရွက်ပေးခဲ့ကြသည်။
တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၁-ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ(၆၇)ဦးအထိရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၂၂-ခုနှစ် ဇန်နဝါရီလမှ မေလအထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၁၅၀၀)ကျော်ရှိခဲ့ကာ သေဆုံးသူနှစ်ဦးအထိရှိခဲ့တာကြောင့် အခုလို မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်