မိုင်းကိုင် ဇွန် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ မိုင်းကိုင်မြို့နယ်အတွင်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း-ခွဲ (မိုင်းကိုင်)သို့ ကွင်းဆင်း၍ နယ်လှည့်ဟောပြောပွဲနှင့် ပြပွဲဆောင်ရွက်ခဲ့ကြသည်။
အဆိုပါနယ်လှည့်ကွင်းဆင်း ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်း ၊ မြို့နယ် ပညာရေးမှူး ဦးခင်မောင်ကို ၊ မြို့နယ်ဥပဒေအရာရှိ ဦးဇေယျာကျော် ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦး ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်နန်းမြင့်ဌေးတို့က မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များ ၊ ကျောင်းသားလူငယ်နှင့် မူးဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ လူငယ်နှင့်မူးယစ်ဆေး ၊ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပွားလာသည့် ဆိုးကျိုးလက္ခဏာများ စသည့်ခေါင်းစဉ်များဖြင့် အသီးသီးအသိပညာပေး ဟောပြောကြရာ တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများက မိမိတို့သိရှိ လိုသည်များကို ပြန်လည်ဆွေးနွေး မေးမြန်းခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ၊ ဓာတ်ပုံများကို ခင်းကျင်းပြသကာ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်