မှော်ဘီ စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊သစ်တောဦးစီးဌာနသို့ ကိုရီးယားအမျိုးသား သစ်တောဥယျဉ် (Korea National Arboretum) နှင့် အာရှဒေသသစ်တောကဏ္ဏ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း အထွေထွေအတွင်းရေးမှူးရုံးတို့က ပါးစပ်/နှာခေါင်းစည်း (Mask) နှင့် ကွန်ပျူတာများ ပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အာရှဒေသ သစ်တောကဏ္ဏ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့် ပညာပေးရေး သင်တန်း ကျောင်း (AFoCo RETC )တွင် ပေးအပ်လှူဒါန်းခဲ့သည်။
ပေးအပ်လှူဒါန်းရာတွင် AFoCo Secretariat ကိုယ် စားလှယ် Mr. Choi Sung Ho နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယာသံအမတ်ကြီး H.E Mr.lee Sang-hwa တို့က လှူဒါန်းသည့် ပစ္စည်းများနှင့် လှူဒါန်းရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လှူဒါန်းမှုအပေါ် မြန်မာ့ သစ်လုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက ကိုရီးယားအမျိုးသား သစ်တော ဥယျာဉ်၊ ကိုရီးယားသမ္မတနိုင်ငံနှင့် AFoCo Secretariat တို့အားကျေးဇူး တင်ရှိပါကြောင်း ယခု ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကာလအတွင်းတွင် ကိုရီးယားအမျိုးသား သစ်တော ဥယျာဉ်နှင့် ပူးပေါင်း၍ ကူးစက်ရောဂါကာကွယ်ရေး အထောက်အကူပြု Face Mask နှင့် လုပ်ငန်းသုံး နည်းပညာ အထောက်အကူပြု ကွန်ပျူတာများ လှူဒါန်းသည့်အတွက် အထူးကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက်မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီးက ပါးစပ်နှင့် နှာခေါင်းစည်း (KF -80 Masks)(၄၀၀၀)ခုနှင့် ကွန်ပျူတာအလုံး(၅၀)တို့ကို သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းရာ မြန်မာ့သစ်တောလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးစောဂျွန်ရွှေဘကလက်ခံရယူခဲ့ပြီး အလှူရှင်များ ဖြစ်သည့် ကိုရီးယားအမျိုးသား သစ်တော ဥယျာဉ် (Korea National Arboretum)နှင့် အာရှဒေသ သစ်တော ကဏ္ဏ ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့အစည်း အထွေထွေ အတွင်းရေးမှူးရုံး AFoCo Secretariat တို့အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)