ကျောက်ဆည်မြို့နယ်တွင် ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားသုံးစွဲမှုပြည့်ဝစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းစေရေး အရှိန်အဟုန်ဖြင့်ဆောင်ရွက်

ကျောက်ဆည် ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းစေရေးတို့အတွက် ယနေ့နံနက်(၉)နာရီက မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများက လျှပ်စစ်ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသောသစ်ပင်၊ သစ်ကိုင်းများအားခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို အရှိန် အဟုန်ဖြင့်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဆည်မြို့ ၃၃/၁၁ကေဗွီ (၁၀+၁၀)အမ်ဗွီအေကြက်မင်းတွန် ဓာတ်အားခွဲရုံမှပိုလွှတ်ထားသော (၁၁)ကေဗွီလိုင်းနှင့်မလွတ်ကင်းသောသစ်ပင်၊ သစ်ကိုင်းများအား ဌာနပိုင်မော်တော်ယာဉ်ဖြင့် လျှပ်စစ်ဝန်ထမ်း(၁၆)ဦးမှ စနစ်တကျခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သစ်ပင်၊သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကြောင့် (၁၁)ကေဗွီဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားပို့လွှတ်လျက်ရှိသော မြို့ပေါ်(၁၁)ရပ်ကွက်နှင့် ကျေးရွာပေါင်း(၉၅)ရွာမှ လျှပ်စစ်ဓာတ်အားအသုံးပြုလျက်ရှိသော ပြည်သူများ၊ လုပ်ငန်းသုံးလုပ်ငန်းများ လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် ဓာတ်အားလျောနည်းမှုမရှိစေဘဲ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)