ပူတာအို ဇွန် ၁၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာ၀န်ခံ ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ တာဝန်ရှိသူများနှင့်အတူ ဇွန်(၁၇)ရက်က နောင်မွန်းမြို့နယ်အတွင်းရှိ ကဆန်ချောင်းရေတိုက်စားမှုအခြေအနေကိုကွင်းဆင်း စစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ပြည်နယ်၀န်ကြီးသည် နောင်မွန်း-မချမ်းဘော့-ပူတာအိုကားလမ်းမကြီးဘေး ကဆန်ဒမ်းနှင့်ရပ်ဘော့ကျေးရွာကြား၊ ရပ်ဘော့နှင့် တဆယ်ထုကျေးရွာကြားတို့တွင် ကဆန်ချောင်း ရေတိုက်စားမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး ကားလမ်းဘေးတိုက်စားထားခြင်းဖြစ်သောကြောင့် ခရီး သွားပြည်သူများ အန္တရာယ်ကင်းရှင်းရေး ကန့်သတ်အမှတ်အသားများ ပြုလုပ်ထားရှိရေး တာ၀န်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်၀န်ကြီးသည် မချမ်းဘော့မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်စွန့်ကန် ဆောင်ရွက်သွားမည့်မြေနေရာအားကြည့်ရှုစစ်ဆေးပြီး မြို့မဈေးတွင် ပြည်သူများလွတ်လပ်စွာ ရောင်း၀ယ်ဖောက်ကားနေမှုနှင့် ဈေးခြံစည်းရိုးကာရံနိုင်ရန်ရေးကြည့်ရှုစစ်ဆေးသည်။ထိုမှတစ်ဆင့် ပြည်နယ်၀န်ကြီးသည် မချမ်းဘော့မြို့ ဂူဘားရိပ်သာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာ၀န်ရှိသူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ တင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်၀န်ကြီးသည် မချမ်းဘော့မြို့ မလိခတံတား(မချမ်းဘော့)အနီး မန်ဂျန်ရှားပင် စိုက်ခင်း(၀.၅၀)ဧကတွင် မန်ဂျန်ရှားပင်(၂၅၀)ပင်စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်၀န်ကြီးက စိုက်ပျိုးထားသည့် အပင်များရှင်သန်နိုင်ရေးဝိုင်း၀န်း ထိန်းသိမ်းဆောင်ရွက်ရေးမှာကြားသည်။
ထိုမှတဆင့် ပြည်နယ်၀န်ကြီးသည် ပူတာအိုမြို့ ထွေအုပ်ရိပ်သာဧည့်ခန်းမတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာ၀န်ရှိသူများနှင့်တွေ့ဆုံပြီး မြို့ပေါ် ရပ်ကွက်များသို့ ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှ ပူတာအို/မချမ်းဘော့မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများသို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကာ ပြည်နယ်၀န်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)