ပူတာအို ဇွန် ၁၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာ၀န်ခံ ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦး တိန့်ဆောင်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ တာဝန်ရှိသူများနှင့်အတူ ဇွန် (၁၇)ရက်က နောင်မွန်းမြို့နယ်အတွင်းရှိ ကဆန်ချောင်းရေတိုက်စားမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ပြည်နယ်၀န်ကြီးသည် နောင်မွန်း-မချမ်းဘော့-ပူတာအိုကားလမ်းမကြီးဘေး ကဆန်ဒမ်းနှင့်ရပ်ဘော့ကျေးရွာကြား၊ ရပ်ဘော့နှင့်တဆယ်ထုကျေးရွာကြားတို့တွင် ကဆန်ချောင်း ရေတိုက်စားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကားလမ်းဘေးတိုက်စားထားခြင်းဖြစ်သောကြောင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းရေး ကန့်သတ်အမှတ်အသားများ ပြုလုပ်ထားရှိရေးတာ၀န်ရှိသူများအားမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်၀န်ကြီးသည် မချမ်းဘော့မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်စွန့်ကန်ဆောင်ရွက်သွားမည့် မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး မြို့မဈေးတွင် ပြည်သူများလွတ်လပ်စွာ ရောင်း၀ယ်ဖောက်ကားနေမှုနှင့် ဈေးခြံစည်းရိုးကာရံနိုင်ရန်ရေး ကြည့်ရှုစစ်ဆေးသည်။ ထိုမှတစ်ဆင့် ပြည်နယ်၀န်ကြီးသည် မချမ်းဘော့မြို့ ဂူဘားရိပ်သာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့တာ၀န်ရှိသူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ တင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်၀န်ကြီးသည် မချမ်းဘော့မြို့ မလိခတံတား(မချမ်းဘော့)အနီး မန်ဂျန်ရှားပင် စိုက်ခင်း(၀.၅၀)ဧကတွင် မန်ဂျန်ရှားပင်(၂၅၀)ပင် စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်၀န်ကြီးက စိုက်ပျိုးထားသည့် အပင်များရှင်သန်နိုင်ရေး ဝိုင်း၀န်းထိန်း သိမ်းဆောင်ရွက်ရေး မှာကြားသည်။
ထိုမှတဆင့် ပြည်နယ်၀န်ကြီးသည် ပူတာအိုမြို့ ထွေအုပ်ရိပ်သာဧည့်ခန်းမတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာ၀န်ရှိသူများနှင့်တွေ့ဆုံပြီး မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှ ပူတာအို/မချမ်းဘော့မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများသို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကာ ပြည်နယ်၀န်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)