မြစ်သား၊ စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ် −၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့အဝင်/အထွက်ဂိတ်များတွင် မော်တော်ယာဉ်များအား ပူးပေါင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၈:၀၀) နာရီအချိန်မှစတင်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့အဝင်/အထွက်ဂိတ်များတွင် ဝင်ထွက်သွားလာနေသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား ခရီးသွားမှတ်တမ်းများရယူခြင်း၊ ယာဉ်မောင်းသူများနှင့် ယာဉ်နောက်လိုက်များအား Mask များ တပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ခရီးသည်တင်မော်တော်ယာဉ်များပေါ်တွင် ယာဉ်မောင်းအပါအဝင် ခရီးသည်များအား Mask တပ်ဆင်ခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ Mask တပ်ဆင်လာခြင်းမရှိသည့် ခရီးသွားများနှင့် ယာဉ်မောင်းသူများအား Mask များဝယ်ယူ၍တပ်ဆင်စေခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ Mask များ စနစ်တကျ တပ်ဆင် ပြီးမှသွားလာကြရန် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မြို့အဝင်/အထွက်ဂိတ်များတွင် မော်တော်ယာဉ်များအား ပူးပေါင်းစစ်ဆေးဆောင်ရွက်ခြင်းကို မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းဦးဆောင်ကာ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက ပူးပေါင်း၍စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆုမွန်(မြစ်သားပြန်/ဆက်)